Tuesday, 13 December 2011

အပိုင်းအစ အလွမ်း အတွေးစများ


နာကျင်နေတဲ့ ကောင်းကင်
ဝမ်းနည်းစွာ ညိုမဲ့မဲ့မျက်နှာနဲ့
ခံစားချက်တွေ သွန်ချလိုက်တော့
အလွမ်းမိုးစက်တွေအဖြစ်
ငါ့ကိုယ်မှာ ရွှဲရွှဲစိုလို့ ။

မြင့်ရာမှ နိမ့်ရာဆီသို့
အပူပင်မဲ့ စီးတဲ့မြစ်ချောင်း
ဒဏ်ရာထောင်ပေါင်းများစွာနဲ့ငါ
မြင့်ရာမှ နိမ့်ရာစီးဆင်းတာ
သဘာဝဆိုပေမဲ့လဲ
နှလုံးသားမှာ မြစ်ဖျားခံ
ခံစားချက်တွေ စုန်ဆန်တက်ပြီး
မျက်ဝန်းမှသည်
ခံစားချက်တွေ မျက်ရည်မြစ်အဖြစ်
ပါးပြင်မှာ တလိမ့်ချင်းဆင်းတာကတော့
သဘာဝနဲ့ ဆန့်ကျင်နေမလား  ။

ပင်လယ်မှာပျော်တဲ့ ငါး
စမ်းချောင်းသေးသေးမှာ
နေပျော်မလားလို့ မတွေးသလို
စမ်းချောင်းထဲက ငါး
အကောင်သေးလို့ ပင်လယ်မှာ
ငါကူးနိုင်ပါ့မလား စဉ်းစားမှာ မဟုတ်ပါဘူး
ဒီလိုပါပဲ
ဘယ်အချိန်မှာ ဘာဖြစ်မယ်
ဘုရားမှလွဲ
မသိနိုင်တဲ့ ကံကြမ္မာအလှည့်အပြောင်းကို
ဗေဒင်ဆရာတစ်ယောက်ရဲ့
ထမင်းဝိုင်အဆင်လှဖို့
ငါက မင်းနှလုံးသားအပြင်ထွက်
အလွမ်းတွေနဲ့ အသက်ဆက်နေရမှာလား  ။

အလွမ်း အလွမ်းနဲ့
သီချင်းဆိုရင်တော့ နားထောင်ကောင်းပေမဲ့
ခက်တာက
ဘ၀ဆိုတာ သာယာနာပျော်ဖွယ်ကောင်းတဲ့
သီချင်းတစ်ပုဒ်မဟုတ်သလို
ပန်းချီဆရာရဲ့ စုတ်ချက်နဲ့
လိုသလိုဆွဲမရတဲ့
နှလုံးသားက စက်ရုပ်မဟုတ်တော့
ပျက်သွားတဲ့နေရာကို ပြန်ပြင်လို့မရ
သွေးကြောတွေနဲ့ ဖွဲ့စည်းထားတဲ့
ရှင်သန်ခြင်းရဲ့ စုရပ်ဆိုတော့
ခက်တော့ ခက်သားလား  ။

လွင်ပြင်လှိုင်းငယ်

Saturday, 10 December 2011

တန်ဖိုး(လူပျိုကြီးများအား ဂုဏ်ပြုခြင်း)

         လူပျိုကြီး လူပျိုကြီးနဲ့ ခေါ်လိုက်ကြတာ တော်တော်သဘောတွေ့နေကြတယ်ထင်ပါရဲ့။ 
ခေါ်တာကတော့ လွယ်ပါတယ် အခေါ်ခံရတဲ့သူရဲ့ တန်ဖိုးကော နားလည်ကြရဲ့လားမသိဘူး။
 လူပျိုကြီးတစ်ယောက်ဖြစ်ဖို့တန်ဖိုးဘယ်လောက်ကြီးမာတယ်လူပျိုကြီးတစ်ယောက်ဖြစ်ဖို့ဘယ်လောက်ပေးဆပ်ခဲ့ရတယ် လူတွေကြားမှာ နားလည်နိုင်မှု့စွမ်းအားတွေ ဘယ်လောက်ထုတ်သုံးခဲ့ရတယ်ဆိုတာ လူကြီးကြီးမဟုတ်တဲ့သူတွေမသိပါဘူးလေ။အိမ်ထောင်ကျသွားတဲ့သူတွေသာ ရာထူးတွေမြင့်မြင့်လာတတ်ပေမဲ့ လူပျိုကြီးထပ်တိုးခေါ်လိုက် လူပျိုသိုး ဒီနှစ်မျိုးပဲသုံးလို့ရမယ် အိမ်ထောင်ကျတဲ့ ယောကျာ်းတွေကတော့ စစချင်း အိမ်ထောင်သည်
မိန်းမ နောင်လင်ယူရင် တခုလပ် မိန်းမသေသွားရင် မုဆိုးဖို မိန်းမနောက်လင်ယြူပီးသေသွားတော့ တခုလပ်မုဆိုးဖိုး ကလေးမွေးပြီး မိန်းမနောက်လင်ယူ ကလေးကျန်ခဲ့ရင် သားတစ်ယောက်တခုလပ် မိန်းမက ကလေးထားပြီးသေသွားရင် သားတစ်ယောက်မိဆိုးဖို အမျိုးမျိုးရာထူးတွေတိုးနေကြတာလေ မိန်းမ နောက်လင်ယူရင်လဲ လင်ကြီးဆိုတဲ့ ဂုဏ်လေးလေချန်ထားလို့မရဘူး။
 လူပျိုကြီးတွေရည်စားထား သဘောထားမတိုက်ဆိုင်လို့ ပြတ်ကွဲ နောက်တစ်ယောက်ထား လူတွေဘာမှမပြောဘူး အိမ်ထောင်သည် အသစ်တွေ့လို့ ချစ်မယ်မပြင်နဲ့ မယားငယ်နေတဲ့သတင်း ၀က်ဝက်ကွဲဖို့သာပြင်ထားပေတော့ ဒီလိုဒီကြောင်း
အကြောင်းစုံကို ရောင်းကုန်ထက် တွက်တဲ့နေရာမှာ တော်လို့ အပူမရှာပဲ လူတကားတွေ့ရဲ့ နှုတ်ဖျားက လူပျိုကြီးဆိုတဲ့ ခေါ်သံပဲ ပိတိပွားပြီး ဒီအချိန်ထိတောင် ဂုဏ်ရှိန်မြင့်ခဲ့ရတာပေါ့။

           မရလို့မယူတာမဟုတ်ဘူး ယူတာမရလို့ မာန်မာနနဲ့အသက်ဆက်ပြီး ဟိုတစ်ယောက်ကိုမရလို့လေ မိန်းမရပြီးရောဆိုပြီးဒီတစ်ယောက်ကိုယူခဲ့တာလို့ပတ်ဝန်ကျင်းကိုအကြောင်းအရာတစ်ခုအတွက် ရောင်းစရာတွေများများထွက်မှာစိုးလို့
သစ္စာတရားကို နှလုံးသားတံခါးဝမှာချိတ်ပြီး မင်းမှမရရင် အကျဉ်းသားဘ၀(အိမ်ထောင်ကျသည်ကိုဆိုလိုသည်)ကိုလုံးဝမခံယူဘူးလို့ ကြွေးကြော်ရဲတဲ့ ဇာနည်ယောက်ျား သူရဲကောင်းတစ်ပါးပါပဲလေ။
လူပျိုကြီးတဲ့အခေါ်ခံဖို့ ငွေပေးဝယ်လို့မရသလို အာဏာနဲ့လဲ ခြမ်းခြောက်လို့လဲမရပါဘူး ။လူပျိုကြီးဆိုတာ အချိန်တွေ လူတွေရဲ့မနာလိုစိတ်တွေ အချစ်ကို အချစ်စစ်မှမြတ်နိုးမှု့တွေစသည့်ဖြင့် ပေးဆပ်မှု့အများကြီးရင်းခဲ့ပြီးမှ ရခဲ့တာပါ။ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်သည်ဘ၀ကိုကူးဖို့ဆိုတာ ရက်ပိုင်းမကြာပါဘူး အိမ်ထောင်သည်တစ်ယောက်ဟာ လူပျိုကြီးဆိုတဲ့ ဘ၀ကိုသေတောင်မရတော့ပါဘူး။
လူတွေကပြောသေးတယ် အကြင်နာတရားမရှိလို့ လူပျိုကြီးဖြစ်တာတဲ့ အကြင်နာအားတွေများပြီး မယားကြီး မယားငယ် ဖအေတူ မအေကွဲ သားသမီးမျက်နှာပေါက် အမျိုးမျိုးပေါက်ပြီး ပုဒ်မတွေတောင်ထုတ်ပြန်ထားသေးတယ် အိမ်ထောင်ရေးဖောက်ပြန်မှု့ မယားငယ်နေမှု့ သားသမီးမထောက်ပံ့မှု့အမျိုးမျိုးပါပဲ(ဒီပို့စ်ကိုဖတ်သူများထဲမှ ဥပဒေအကြောင်းနားလည်သူများပါပါက ပုဒ်မများကူညီရေးသားပေးကြပါရန်)။ထို့ကြောင်း အကြင်နာမများပဲ တစ်ဦးတစ်ယောက်ထဲအတွက် အကြင်တရားကို ရေးသော အာဂစာပေပညာရှင်ကြီးလဲဖြစ်ပါတယ်။

            အပူအပင်ကင်းတဲ့ သူတွေထဲမှာ လူပျိုကြီးများလဲပါပါတယ် ကလေးတွေလိုပါပဲ သူတို့ဘ၀တွေဟာ
သားကျွေးမှု့ မယားကျွေး ခလေးကျေင်းစရိတ် စသည့်ဖြင့်အမျိုးမျိုးကုန်ရသော ငွေကြေးတွေ သုံးစရာမရှိတော့ အပူအပင် ကင်းမဲ့သလို လောဘတရားမရှိသူတွေလဲဖြစ်ပါတယ် အလှူ ဧည့်ခံပွဲများတက်ရောက်ရာတွင်လဲ လူပျိုကြီးများကို အိမ်ထောင်ရှင်များကအမှီမလိုက်နိုင်ပါဘူး အိမ်ထောင်ရှင်ဆိုကတည်းက ကလေးတွေတစီတတန်းနဲ့ အ၀တ်အစားကအစ ဘိုသီဘတ်သီဝတ်ပြီးလာကြပေမဲ့လဲ လူပျိုကြီးတွေကတော့
အ၀တ်ကိုကော့နေအောင်ဝတ်ပြီး အပူအပင်မရှိ ပွဲကိုအစမှအဆုံးအေးအေးဆေးဆေးနဲ့ နေနိုင်တဲ့ ကမ္ဘာကျော်မင်းသားများလဲဖြစ်ပါတယ် ။
           
             လူပျိုကြီးများဟာ သဒ္ဒါတရားနဲ့ ကုသိုလ်ကောင်းမှု့များကိုလဲ အိမ်ထောင်သည်များထက် ပိုလုပ်နိုင် ပိုလှူနိုင်ကြပါတယ်။ရပ်ကွက်ထဲမှာပဲကြည့်ပါ အလှူတစ်ခုခုလုပ်တော့မယ်ဆို လူပျိုကြီးများကို အရင်ရှာပြီး အလှူပွဲ အစမှအဆုံး အကူအညီတောင်းသူကများပါတယ် ထို့ကြောင့် ထိုအလှူများထဲမှ ကုသိုလ်များလဲသူတို့ရကြပါတယ်။နောက်တစ်ခု ပေးကမ်းစွန့်ကြဲခြင်းတွေများများလုပ်ပြီး လိုအပ်တဲ့ တောင်းဆုတွေကိုလဲ ဘုရားမှာ အမြဲဆုတောင်းကြပါတယ်(ဘာဆုတောင်းလဲတော့ လူပျိုကြီးတွေမေးပေါ့နော်)

             လူပျိုကြီးတော်တော်များများဟာ မုသား အလိမ်အညာစကားကင်းသူများဖြစ်တယ်လို့ပြောရင် သင်ယုံမလား?အမှန်ပါပဲ လူပျိုကြီးတွေဟာ အလိမ်အညာကင်းပါတယ် ဘာကြောင့်လဲဆို သူတို့ဟာ လွတ်လက်စွာသွားနိုင် လာနိုင် ချူပ်ခြယ်မဲ့သူမရှိတော့ အိမ်ထောင်သည်တွေလို မိန်းမကြောက်ပြီး အနည်းဆုံး အရက်ဆိုင်ထိုင်နေရင်တောင် မိန်းမမေးလိုက် လက်ဖက်ရည်ဆိုင်ထိုင်နေတာပါလို့ အညာစကားသုံးကြရတာပဲ။အချိန်တန်လို့ အိမ်ပြန်မိန်းမပိုက်ဆံအပ်ဖို့မပြည့်လို့ မိန်းမကစစ်ကြည့် ဟိုဟာ ဒီယာနဲ့ အကြောင်းပြချက်အမျိုးမျိုးပြလိမ်ညာတတ်ကြတာတွေကြီးပဲ  လူပျိုကြီးတွေကတော့ ကိုယ့်ပိုက်ဆံကိုယ်ရှာ ကိုယ့်ဟာကိုယ်သုံးလိမ်ညာစရာဘာမှမရှိတော့ လိမ်ညာခြင်းကင်းကြတာပေါ့လေ။
 
         သက်တမ်းကြာတဲ့ ရုပ်ကြွင်းဆို ပညာရှင်တွေက စိတ်ဝင်စားသလို ရှေ့ဟောင်းပြတိုက်တွေမှာ ဘာလို့လူတွေများနေတာလဲ စိန်ဆိုတာရှားပါးပစ္စည်းမို့တန်ဖိုးမြင့်တာပေါ့ နှစ်ချို့ဝိုင်ဟာ သက်တမ်းကြာလေ အရသာရှိလေ လူတွေကြိုက်လေမို့ လူပျိုကြီးဆိုတာလဲ တန်းဖိုးမဖြတ်နိုင်တဲ့ အနှိုင်းမဲ့ဂုဏ်တစ်ခုကိုပိုင်ဆိုင်ထားသူများဖြစ်လို့ လူတွေကလူပျိုကြီးလို့ခေါ်တာကို ပြုံးပြုံးလေးအခေါ်ခံလိုက်စမ်းပါ သူငယ်ချင်း  ။
 
(အကြံပေးခြင်း။   ။အမေများနေ့ အဖေများနေ့ ချစ်သူများနေ့ ဟိုနေ့ ဒီနေ့တွေအများအကြီးရှိပေမဲ့
တန်ဖိုးရှိသော လူပျိုကြီးများအတွက် ဘလော့ဂ်ဂါ ကိုကို မမ ညီ ညီမလေးများက ဆန္ဒမဲကောက်ခံပြီး လူပျိုကြီးများနေ့ ကိုသတ်မှတ်ပေးလိုက်လျှင်မည်မျှပင်ကောင်းလိုက်မည်မသိ)
 
မှတ်ချက်။    ။လူပျိုကြီးများဖက်မှ ဘက်လိုက်ရေးသားခြင်းမဟုတ်ပါ အမှန်တရားနဲနဲလေး သိသမျှချပြတာပါ ကျွန်တော်လဲ လူပျိုကြီးမဟုတ် အိမ်ထောင်သည်သာဖြစ်ပါသည်(ဒါက ကြော်ငြာတာ ဟီး)

လွင်ပြင်လှိုင်းငယ်

Friday, 9 December 2011

အိပ်မက်လေးသို့ အဖြေစကား


ချစ်လား ချစ်လား မောင်ရယ်လို့
ခဏခဏမမေးပါနဲ့လား
အမေးစကားကြားမှာ မင်းမောမှာစိုးလို့ပါ
ရင်ကိုခွဲ နှလုံးသားကိုခင်း
သွေးကြောမျှင်တွေ ရှက်သန်းပြီး
မင်းကိုချစ်တယ် ဆိုတဲ့
အက္ခရာတောင် ပေါ်နေမလားပဲ  ။

မကြင်နာ  နာကျင်အောင် ထားသွားမလားလို့
မတွေးမိပါစေနဲ့ ချစ်သူ
နှလုံးသားက နာကျင်တာတော့မပြောနဲ့
ခန္ဓာကိုယ် နာကျင်အောင်
မင်းကို ကိုက်မဲ့ ခြင်တစ်ကောင်တောင်
ငါတော်တော်မုန်းနေတာ
မင်းအသိပါ ချစ်သူရာ  ။

အသစ်တွေ့လို့ ပစ်သွားမလားဆိုတာ
အိပ်မက်ထဲတောင် ထည့်မမက်ပါနဲ့
အဟောင်းရှိမှ အသစ်ဆိုတာပေါ်လာတာပါ
မင်းဟာ ငါ့ဘ၀အတွက်
ဘယ်တော့ ဘယ်အချိန်မှ
မဟောင်းနွမ်းပဲ
အကောင်းတိုင်းရှိနေမဲ့
အနာဂါတ်ရဲ့ လမ်းပြဆရာမပါ  ။

ဇရာအိုလို့ ကညာပျိုတွေကို
အလှတရားတပ်မက်လို့
လမ်းခွဲသွားမလားလို့ အတွေးနဲ့
မင်းမအိပ်ပဲ
အိပ်ပျက်ခံတွေးတွေးနေတာငါသိပါတယ်
ချစ်စက မင်းရုပ်လှတယ်
ချစ်လယ်မှာ စိတ်အလှက ပိုထပ်တိုးလို့
အဆုံးသတ်
ငါ့အချစ်တွေ ငါ့ဘ၀ ငါ့အိပ်မက်နဲ့
ကုန်ကုန်ပြောမယ်
ငါ့ရှင်သန်ခြင်းတောင် မင်းလက်မှာ
အဆုံးသတ် သဂြိုလ်ပြီးမှတော့
အလှတရားဆိုတာ ဘ၀တပါးပြောင်းလို့
နတ်မိမယ်တွေတောင် ရင်ခုန်တော့မှာမဟုတ်ပါဘူး  ။

လွင်ပြင်လှိုင်းငယ်

သဘာဝ အတွေးစလေးများ

လေပြေရဲ့ ကျီဆယ်မှု့
လွင့်မျောကြွေလွင့်တဲ့ သစ်ရွက်
အဖြစ်အပျက်တစ်ခုမှာ
လေတိုက်လို့ သစ်ရွက်ကြွေတာ
အပြစ်မပြောပဲ
အမြင်သစ် အတွေးသစ်နဲ့
ရွက်နုဝေဖို့ ရွက်ဟောင်းချွေပေးတယ်ရယ်လို့
အမုန်းခံ လေပြေဘက်က
ရပ်တည်ပေးပါ့လား  ။
လှိုင်းကြမ်းရဲ့ ရိုက်ခတ်မှု့
တိုက်စားခံ ကမ်းပါး
ပြေးဆော့တဲ့ လှိုင်းအားနဲ့
နာကျင်နေမှာ အမှန်ဆိုပေမဲ့လဲ
ရေလေးတွေ လွတ်လပ်စွာ
စီးဆင်း နယ်ချဲ့ဖိုးအရေး
လှိုင်းလေးတွေကတော့
အမုန်းခံ လှိုင်းကြမ်းကြီးတော့ ဖြစ်လို့ပေါ့  ။
စိမ်းစိုနေတဲ့ မြေပြင်
ကြည်လင်နေတဲ့ရေပြင်မှ
တန်ဖိုးထားပြီး
ကောင်းကင်မှာ တိမ်တိုက်မရှိမှ
ကြည်လင်နေနဲ့သဘောလား
ခြောက်တွေ့နေတဲ့ ကန္တာရ
ပူလောင်နေတဲ့ သဲပြင်
အိုအေစစ်ရေအေးအေးလောကော
လူတွေမမြတ်နိုးလို့လား
ကြည်လင်နေတဲ့ ကောင်းကင်မှာ
မိုးသားမတက် ဖြူဖွေးနေမှတော့
မြေပြင်တွေကွဲအက်
အသက်ရှင်ဖို့ ခက်လိမ့်မယ်  ။
ဘာပဲပြောပြော
တရားသဘောနဲ့ကြည့်ကြည့်
သဘောတ၇ားနဲ့မြင်မြင်
အကောင်းမြင်ဝါဒ
စေတနာလှလှနဲ့
ကမ္ဘာမြေကို သင်ကြည့်လိုက်ပါ
အပြစ်မြင်စရာဆိုလို့
သစ်ပင်လေးတစ်ပင်မရှိပါလား  ။

လွင်ပြင်လှိုင်းငယ်

Thursday, 8 December 2011

ငါ့ရဲ့ ဒီဇင်ဘာ

နှစ်တစ်နှစ်လဲအဆုံးသတ်
နှုတ်ဆက်တော့မယ်
ချမ်းအေးမှု့က တင်မြောက်တဲ့
ဒီဇင်ဘာဘုရင်ရဲ့ အပြုံး
နှင်းမှုန်တွေကလဲ ညချမ်းလေးကို စောင့်ရှောက်လို့
နွေရာသီက မင်းဝယ်ပေးတဲ့
အနွေးထည်ဖြူဖြူလေးကလဲ
ငါ့နားအမြဲကပ်ခွင့်ရလို့
ကျေးဇူးပါ ဒီဇင်ဘာတဲ့  ။

နှင်းစက်တွေ သစ်ရွက်ပေါ်ပြေးဆော့နေတုန်း
ပန်းပွင့်ကတော့ ပွင့်ဖတ်ကြားက
နှင်းမှုန်းလေးတွေပျောက်သွားမှာစိုးတဲ့
စိုးရိမ်စိတ်နဲ့ပေါ့
မြက်ပင်စိုစိုကြားမှာ
နှင်းမိုးတွေငိုသံတော့ ဘယ်သူကြားနိုင်မလဲနော်  ။

ဆောင်းနံနက် အအေးဒဏ်ကို
ကြောက်နေတဲ့တတ်တဲ့ ငါ့လက်တစ်စုံက
နွေးထွေးမှု့နဲ့ နှစ်သိမ့်ပေးတဲ့
ထက်မြက်တဲ့ မင်းဖ၀ါးနွေးနွေးလေးကို
ဘ၀အတွက် ထာဝရပိုင်ဆိုင်ထားမှတော့
ဘာကိုကြောက်နေအုံးမှာလဲ  ။

ဒီအချိန်မှာ ချယ်ရီတွေ ပွင့်မပွင့်တော့ငါမသိဘူး
မင်းကြိုက်တတ်တဲ့ စံပယ်ရုံလေးတော့
အိမ်ရှေ့မှာငါပျိုးထားလို့
ဖူးသူကဖူး ပွင့်သူကပွင့်
အငြင်းပွားပြီး နင့်ခေါင်းထက်
သူ့ထက်ငါအရင်ရောက်ချင်နေလိမ့်မယ်  ။

နှင်းရည်တွေ စိုရွှဲနေတဲ့
ဦးခေါင်းထက်ကို ထီးမိုးပေးလို့ အဆင်မပြေပေမဲ့
ငါ့လက်ဝါးလေးကတော့
မခိုင်းပဲ မခေါင်းထက်မှာ
နေရာယူ ကာကွယ်နေပါ့လား  ။

နှစ်ဟောင်းပေမဲ့
မင်းကိုချစ်တဲ့ အချစ်ကတော့
သေဆုံးတောင် 
မပြောင်းလဲ မဟောင်းပဲနဲ့
ထာဝရရင်မှာ တည်ရှိနေမှာပါ ချစ်သူရာ ။ 

လွင်ပြင်လှိုင်းငယ်














 



 







Wednesday, 7 December 2011

နှလုံးသားဧည့်သည် နှလုံးသားသရဲ

              
      အနောက်ဘက်စွန်းစွန်းဆီမှ ရွှေအိုရောင် နေလုံးကြီးဟာ နေ့ခင်းဘက်က တောက်ပထွန်းလင်း ပူလောင်ခြင်းအလင်းတန်း မာန်မာနတွေခ၀ါချပြီး တဖြေးဖြေးမှေးမိန်ကာ ကမ္ဘာလောကကြီးကထွတ်ခွါဖို့ နှုတ်မဆက်ချင်ဆက်ချင်နဲ့ပေါ့။နေလုံးကြီးကိုကြည့်ပြီး ကျွန်မလည်း
ဝမ်းသာသလိုလို ၀မ်းနည်းပူဆွေးသလိုလို ဒွိဟစိတ်နဲ့ ၀မ်းသာတာက ပူလောင်မှု့တွေပေးပြီး အဝေးထွက်သွားလို့ ၀မ်းနည်တာက နှုတ်ဆက်နေတဲ့ နေလုံးမျက်နှာဟာ ကမ္ဘာမြေကိုမခွဲချင်မခွါချင်သံယောဇဉ်အမျှင်တန်းလေးကို ကျွန်မတွေ့ရှိခံစားရလို့ပါပဲလေ။ဒီလိုနဲ့ နှလုံးသားကို ထပ်ပြီးမနာကျင်အောင် မတွေးဘူး မစဉ်းစားဘူးလို့ ဦးနှောက်ကို အထပ်ထပ်ကတိပေးထားတဲ့ ကတိစကားကို နှလုံးသားက စတင်ဖောက်ဖျက်ပြီး ဆိုးရွားနာကျင် မလှပတဲ့သူ့ရဲ့ အချစ်စာမျက်နှာကို တရွက်ချင်း လှန်ကြည့်ဖို့ အားသန်နေလေရဲ့ စာမျက်နှာတွေ မျာများစားစားမရှိတဲ့ အချစ်စာမျက်နှာဟာ တရွက်ချင်း စိတ်ဝိညာဉ်အတူလွင့်မြောသွားပါတော့တယ် ။

                      လက်ရှိကျွန်မအသက်က ၂၈နှစ်ပြည့်ပြီးသွားပါပြီ ငယ်စဉ်အခါက အချစ်ဆိုတဲ့ ဧည့်သည်ဟာ တကြိမ်တခါလေးမှ တံခါးခေါက်ပြီး ၀င်လည်ဖို့မတွေးခဲ့ဘူးထင်ပါတယ် ဒါကလဲ နှလုံးအိမ်လေးဟာလှပပြီး ပြည့်စုံတယ်ထင်လို့ မာန်မာနတွေခြံရံပြီး အချစ်ဧည့်သည်မ၀င်ရလို့ နှလုံးသားတံခါးမှာ ချိတ်ထားလို့ထင်ပါရဲ့ရှင်။မှတ်မှတ်ရရ ကျွန်မနှလုံးသားကို အကြောက်အလန့်မရှိပေမဲ့ မျက်နှာငယ်လေးနဲ့လာခေါက်တဲ့သူရှိတဲ့အချိန်မှာ ကျွန်မအသက်၂၅နှစ်ရှိနေပါပြီ။"မောင်"ဟာကျွန်မနှလုံးသားထဲ မဖိတ်ခေါ်ပဲ အရဲစွန့်ဝင်လာတာကတော့ လေးလှိုင်းထဲကပေါ့ လေးလှိုင်းထဲမှာ ချစ်ခြင်းတွေ မုန်းခြင်း ကြေကွဲခြင်း ခံစားချက်တွေရှိလိမ့်မယ်လို့ ထိုအချိန်တုန်းက ကျွန်မမသိခဲ့ပါဘူး။လေလှိုင်းမှတဆင့် ခင်မင်မှု့နဲ့အစပြု သံယောဇဉ်တွေနဲ့ချီနှောင် တွယ်တာတာတွေထပ်ရစ်ဆိုတော့ အချစ်ဆိုတဲ့ စာမျက်နှာစတင်ပုံနှိပ်ရတော့တာပေါ့။

                      ပြည့်စုံလှပြီးထင်ထားတဲ့ ကျွန်မ ဘ၀အိမ်လေးဟာ အချစ်ဧည့်သည်ရောက်လာမှပဲ တကယ့်ကို အစစ်အမှန်ကြည်နူးပျော်ရွှင်ဖွယ်ကောင်းတဲ့ နှလုံးသားဂေဟာလေးလို့ စတင်သိလိုက်ရပါတယ် အချစ်ဆိုတဲ့ ကစားပွဲတွင်းကို ပထမဆုံးအကြိမ်ဝင်ကစားဖူးတဲ့ ၂၅နှစ်ရှိတဲ့ မိန်းမတစ်ယောက်မှာ ရှက်ရွံ့ခြင်း သိမ်ငယ်ခြင်း ရိုးသားစွာယှဉ်ပြိုင်ခြင်းတွေနဲ့ အတူ ကြည်နူး ရင်ခုန် ပျော်ရွှင်ခြင်းတွေကလဲ အနှိုင်းမဲ့ပေါ့။ကစားပွဲမှာ သာယာကြည်နူးစွာ ကခုန်နေတုန်း ဘ၀ကို သိမ်ငယ်ဝမ်းနည်လို့ဆိုတဲ့ ဆိုင်းဘုတ်ကိုထောင်ပြပြီး သူထွက်ခွါဖို့ပြင်ဆင်နေတယ်ဆိုတာကို ခပ်အအ ကျွန်မတစ်ယောက်အစကမသိခဲ့ရိုးအမှန်ပါ နေ့စဉ်ရက်ဆက် တွေ့နေကျနေရာလေးမှာ မောင် ကပေါ်လာလိုက်ပျောက်သွားလိုက် အကြောင်းရင်းကိုမေးတော့လဲ မိသားစုအဆင်မပြေမှု့တွေ ငြီးတွားနေပြီး အချစ်ဆိုတဲ့ စကားလမ်းကြောင်းပေါ်တောင်မရောက်တာကြာခဲ့ပါပြီ အခုဆို မောင် လုံးဝကိုရောက်မလာတော့ မောင်နဲ့စတင်ဆုံဆည်းရတဲ့ နေ့ရက်မှစလို့ ပျော်ဖူးတဲ့နေ့တွေအလယ် ကြေကွဲတဲ့ ညတွေအဆုံးပြန်ဖတ်ပြီး ရီလိုက် ငိုလိုက်နဲ့ နောက်ဆုံးတော့ ကီးဘုတ်နဲ့ မျက်ရည်တောင် ဆုံဆည်းခွင့်ရခဲ့ပါတယ်။

                       နောက်ဆုံးတော့လဲ နှလုံးသားဧည့်သည်ဟာ နှုတ်တောင်မဆက်ပဲ တိတ်တိတ်လေး နှလုံးသားတံခါးမှာ စာလေးညှပ်ပြီး အိမ်ဂေဟာမှ အပြီးတိုင်ထွက်ခွါသွားခဲ့ပါပြီ ထွက်ခွါသွားပေမဲ့ ပြန်လာနိုးနိုးနဲ့ မျှော်ရလွန်းလို့ နှလုံးသားတောင် ပုံမှန်မဟုတ်ပဲ ရှည်မျောမျော်လေးဖြစ်နေပါပြီ မောင်ရယ်။သူထားသွားတဲ့ စာခေါက်လေးကို နေ့စဉ်ဖတ်ပြီး လွမ်းရတာရက်ပေါင်းမနည်းတော့ပါဘူး။
နောက်ဆုံးလက်ဆောင်စာသားလေးတောင်များများစားစားမရေးသွားဘူးနော် "'မ''မောင့်'မိသားစုကအရမ်းဆင်းရဲလို့မောင်မရှိရင်မဖြစ်လို့ ရင်နာနာနဲ့ပဲ မ ကိုထားခဲ့တာပါ အချစ်ဆိုတာ အစားထိုးလို့ရပေမဲ့ အစားထိုးလို့မရတဲ့မိဘအတွက်ဒီလိုဆုံးဖြတ်လိုက်တာပါ"တဲ့ ဒါကတော့ ဘ၀မှာ နှလုံးသားဧည့်သည်ရဲ့ နောက်ဆုံးစာလေးပါပဲ။

                    မချစ်ဖူးလို့ ချစ်မိခဲ့ပါတယ် ချစ်မိတော့လဲ ကြေကွဲရတာကော လွမ်းရတာကောစုပေါင်းပြီးရိုက်ချက်မှာ လူးလိမ့်နေရအောင်ခံခဲ့ရတော့ တော်ပါပြီ အချစ်ဆိုကြောက်လွန်းလို့ နှလုံးသားတခါးပိတ်အိပ်နေတာတောင် ကြောက်တတ်သူကို သရဲပိုခြောက်သလိုပဲ ခြောက်သွေ့နေတဲ့ နှလုံးအိမ်ကို အချစ်ဆိုတဲ့သရဲကနေ့စဉ်ရက်ရက်ဆက်လာခေါက်ပြီး ခြောက်လှန့်နေပြန်ပါပြီ။
ဒုတိယအကြိမ်နှလုံးသားတံခါးကိုလာခေါက်တဲ့ အချစ်သရဲလေးကတော့ အရင်တကြိမ် ဧည့်သည်ထက်သာတာကတော့ အသက်အရွယ်ကွာတာပါပဲ။သူနဲ့ကျွန်မ ၇နှစ်ကွာပါတယ် ကျွန်မကသူ့ထက်ပိုကြီးပေမဲ့ သူကကျွန်မကို ကလေးတစ်ယောက်လိုပဲ အလိုလိုက် အကြိုက်ဆောင်ပြီးကျွန်မမျက်နာလေး ညို့နေရင်တောင် မေတ္တာရေဖြန်းပြီးလန်းစေတဲ့သူပါ။သူငယ်ချင်းအဖြစ် ၁နှစ်လောက်နေလာပြီးကာမှ သူကရင်ခုန်သံကို ကျွန်မနားဆင်ဖို့ဖွင့်ဟခဲ့ပါတယ်။သံယောဇဉ်တွေ တွယ်ရစ်နေတဲ့ နှလုံးသားနှစ်ခုဟာ အချစ်ကိုကြောက်တဲ့စိတ်ရိုက်ချိုးပြီး နောက်၁နှစ်အကြာမှာ သူ့ကို ချစ်တယ်လို့ ရိုးရိုးလေးပဲ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။သူဟာ နှလုံးသားဇွဲဆုကော အချစ်တုကောပူးတွဲပေးအပ်ခံခဲ့ရတာပေါ့။

                    အခုတော့ နောက်တကြိမ် အချစ်ပင်လယ်ထဲကိုကျွန်မ စိုးထိတ်စွာ ရင်ခုန်စွာ ရွက်လွင့်ခဲ့ပါပြီ။ဘယ်လိုကံကြမ္မာမုန်တိုင်းက ကျွန်မအချစ်လှေငယ်ကို ဖျက်ဆီမယ်ဆိုတာတော့ ကျွန်မမသိစိတ်နဲ့ အိပ်ရေးပျက်ပေါင်းများပါပြီ ။ချစ်ခဲ့ပြီးတော့မှလဲ နောက်တဆင့်တက် ဘ၀နှစ်ခုကို ဘ၀တခုဖြစ်ဖို့ မေးခွန်းလေးတွေ ကျွန်မမေးတတ်လာပါပြီ။မေးလိုက်တိုင်းမှာလဲ သူကရှောင်းတတ်ပါတယ် ချစ်ခြင်းပန်းတိုင် လက်ထပ်ခြင်းကို သူကအကြောင်းပြချက်မျိုးစုံနဲ့ ပယ်ချပါတယ်။သေချာတဲ့အဖြေတစ်ခုပေးလို့ပြောရင် မရေရာတဲ့ အကြောင်းပြချက်တွေပဲ ဖြေတတ်တာလဲသူပါပဲ။

                    ကျွန်မနားလည်လာပါပြီ နေ့စဉ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပီတိတွေဝေစေတဲ့vzoတောင် ကျွန်မမဖွင့်တော့တာကြာပါပြီ။ဘာကြောင့်လဲ လာမမေးပါနဲ့ သူသင်ပေးတဲ့ အကြောင်းပြချက်ပေးနည် ကျွန်မသိနေပါပြီ တကြိမ်တခါ ထားခဲ့ခြင်းခံရဖူးသော ကျွန်မရဲ့ သနားစရာကြောင်းသော နှလုံးသားက ဒီတကြိမ်တော့ အရင်ဆုံး နှုတ်ဆက်ထွက်ခွါသွားချင်နေပြီထင်ပါရဲ့။
အတိတ်စာမျက်နှာတောင် အဆုံးသတ်ဖတ်လို့မပြီးသေး ကျွန်မအသိတရားဝင်လာတော့ နေမင်းကြီးတောင်ပျောက်ကွယ်လို့ လခြမ်းလေးဟာ ကြယ်အစုတွေဝန်းရံပြီး ကမ္ဘာလောကကို ပြုံးပြပြီးစောင့်ရှောက်နေပါရောလား။

(သူငယ်ချင်းလေးအတွက် မရေးတတ်ပေမဲ့ အမှတ်တရရေးချပြတာပါ)
လွင်ပြင်လှိုင်းငယ်

Tuesday, 6 December 2011

ချစ်တာလွယ်ပေမဲ့ ချစ်တတ်ဖို့ခက်


ကိုယ်မင်းကိုအရမ်းချစ်တယ်
မောင် မ ကိုမြတ်မြတ်နိုးနိုးချစ်တယ်
ကျွန်တော် မမ ကိုအသဲစွဲချစ်တယ်    ဆိုတဲ့   ချစ်တယ် ကို ပုံစံအမျိုးမျိုး စကားအလှအမျိုးမျိုးသုံးပြီး
အလွယ်တကူ အခွန်မဆောင်ရတော့ လူတော်တော်များ(လူသားအားလုံးကိုမဆိုလိုပါ)ရဲ့ နှုတ်ဖျားမှာ ချစ်တယ်ဆိုတာ သီချင်းတစ်ပုဒ်တေးလုပ်ပြီးဆိုနေသလိုပဲ လွယ်လိုက်တာ။
အချစ်ဆိုတာ ဘာလဲ ကျွန်တော့်ကိုလာမေးပါ။သေချာပါတယ် အချစ်ရဲ့ တစွန်းတစ်စ အဓိပ္ပါယ်တောင် ပီပြင်အောင်ပြောတတ်မှာမဟုတ်ပါဘူး ဘာကြောင့်လဲဆို အချစ်ဆိုတာ ခံစားမှု့ရပ်ဝန်းရဲ့ အထွတ်အထိပ် ကမ္ဘာလောကရဲ့ တန်ဖိုးအလွန်ရှိ အေးမြတဲ့မေတ္တာရဲ့အိုအေစစ်ထဲကရေစက်လေးမို့ အချစ်ကို တန်ဖိုးနိမ့်ကျသွားမှာစိုးလို့ အဓိ ပ္ပါယ်ကို မဖွင့်ဆိုရဲပါ။
မည်သည့်လူမျိုး မည်သည့်တိုင်းပြည်မှာမဆို လူတွေအရင်ဆုံးလေ့လာ သင်ကြားတဲ့ စကားဟာလဲ ချစ်တယ်ဆိုတာပါပဲ တိုင်းတပါးရောက်လို့ ကျန်တာမသိချင်နေလိမ့်မယ် ချစ်တယ်ဆိုတာတော့ လူတော်တော်များများတတ်ကြပါတယ် ဆိုလိုတာကတော့ ချစ်တယ်ဆိုတာကို လူသားတွေက စိတ်ဝင်စားကြတယ် ဟင်းမှာဆားမပါရင်မပြည့်စုံသလို ဘ၀မှာလဲအချစ်မရှိရင်လုံးဝမပြည့်စုံနိုင်ပါဘူး။
သို့ပေမဲ့ လွယ်လွယ်ကူကူလေးချစ်တယ်လို့  ပေါ့ပျက်ပျက်ပြောပေမဲ့ ခံစားချက်နဲ့ နားထောင်တဲ့သူ၊ မြတ်မြတ်နိုးနိုးတန်ဖိုးထားပြောပေမဲ့ နာထောင်သူက ပြီးပြီးရောသဘောနဲ့နားထောင်တာကတော့ကွာခြားတာပေါ့ ။ချစ်တယ်ကို ပြောတဲ့သူကော နားထောင်တဲ့သူကော ခံစားချက်အပြည့်နဲ့ဆိုရင် ကမ္ဘာပေါ်မှာ တန်းဖိုးအရှိဆုံးစကားလေးတစ်ခွန်းပါပဲ။
အချစ်ကို ကျွန်တော့်အမြင်ပြောရရင်တော့ ခံစားချက်ကိုအရင်စစ် သေချာတယ်ဆိုရင် ရင်ခုန်သံရဲ့ သံဇဉ်မှာသူဟာ မူပိုင်တီးခတ်သူလား သူ့အပေါ်အပြည့်အ၀နားလည်မှု့ပေးနိုင်ရဲ့လား သေချာဆန်းစစ်ပါ ကြင်ကြင်နာနာနဲ့ကော ယုယနိုင်မလား  သူ့ဘ၀လုံခြုံရေးအတွက် ဘ၀ရဲ့ကိုယ်ရံတော်အဖြစ်အမြဲရပ်တည်ပေးနိုင်မလား သူ့ကိုချစ်တော့မယ်ဆိုရင် ကိုယ့်ရဲ့အချစ်အားလုံးကို သူ့ထံသဂြိင်္ုလ်မြုပ်နှံနိုင်ပြီးလား စသည်ဖြင့် နှလုံးသားကော ဦးနှောက်ကောအရာအားလုံးကို သေချာစစ်ဆေးပြီး သေချာတယ် အချစ်ဆိုရင် ဖွင့်ပြောလိုက်ပါ ပြီးရင်သူ့ရဲ့ အချစ်ကိုလဲ တန်ဖိုးထားစွာနဲ့ စိတ်ရှည်ရှည်စောင့်ဆိုင်းတောင်းခံပါ ရရှိလာတဲ့အချစ်ကို တန်ဖိုးထား တာဝန်ယူတတ်ဖို့ကတော့ အရေးကြီးဆုံးအပိုင်ရောက်သွားပြီပေါ့ ။

ချစ်တာကလွယ်ပေမဲ့ အချစ်ကိုထိန်းသိမ်းရတာတော့ တော်တော်ခက်မယ်လို့ ကျွန်တော်ထင်တယ်  အရင်ဆုံး ချစ်သူကို မှန်တချပ်လိုသဘောထားနိုင်ရမယ် ချစ်သူရဲ့ မျက်နှာကို သမားတော်တစ်ယောက်လိုဖတ်တတ်ရမယ် ချစ်သူအသံကိုကြားတာနဲ့ သူ့ရဲ့ခံစားချက်ကို နားလည်ပေးရမယ်
အတိတ်ကိုပြန်လှန်တတ်တဲ့ အလုပ်ကိုမလုပ်ပဲ လက်ရှိနဲ့ အနာဂါတ်အတွက်ပဲ ကောင်းသထက်ကောင်းအောင်ကြိုးစားရမယ် အကောင်းဆုံးကတော့ ကိုယ်ချစ်သူကို အကြောင်းပြချက်မရှိပဲချစ်တတ်ရလိမ့်မယ် ။
မှန်တချပ်လိုဆိုတာကတော့ သူကကိုယ့်အရိပ်လိုဖြစ်နေအောင်ကြည့်ရတာပါ တကယ်တော့ လူတစ်ယောက်ဟာ အမြဲဂရုစိုက်ကြည့်တတ်လာရင် နှစ်ယောက်ဟာ တစ်ယောက်တည်းဖြစ်တတ်လာပါတယ် ကိုယ်ပြုံးနေရင် သူကြည်နူးနေပါလိမ့်မယ် ကိုယ်ပျော်ရင် သူဝမ်းသာနေပါလိမ့်မယ် ကိုယ်ဝမ်းနည်ချိန် စိတ်ညစ်နေချိန်ဆိုရင်ဆို မှန်လေးကိုမကြည့်နဲ့ပေါ့ သူပါခံစားရမှာစိုးလို့ပါ တကယ်ချစ်ရင် အေးအတူ ပူရင်တော့မမျှချင်တော့ပါဘူး သူလဲဒီလိုပဲ ခံစားရပါလိမ့်မယ် ထို့ကြောင့် ၀မ်းနည်းနေချိန်မှာလွဲပြီး မှန်ကြည့်ပေးပါ။

ချစ်သူရဲ့ မျက်နှာကြည့်ရင်းလဲ စာဖတ်တတ်ရပါလိမ့်မယ် သူ့မျက်နှာကြည့်ပြီး သူပျော်နေလား သူဝမ်းနည်နေလား သူနေမကောင်းဘူးလား သူဘာစားချင်လဲ ဘယ်သွားချင်နေလဲ သူကိုယ့်ကို တစ်ခုခုပြောချင်နေလား စသည်တို့ကို သူ့နူတ်ကမပြောပေမဲ့ သူ့မျက်နှာကြည့်ပြီးသိနေရလိမ့်မယ်။

ပြီးရင် သူပြောတဲ့အသံ ဒါကလဲအရေးကြီးတယ် သူ့အသံက ပျော်နေလား ၀မ်းနည်းနေလား တခုခုကို မကျေနပ်နေလား စသည်ဖြင့် နားထောင်းရင်သိနေရလိမ့်မယ် အသံက ရီနေပေမဲ့ ရင်ထဲမှာ ငိုနေတာလဲဖြစ်တတ်တော့ အသံကိုခံစားနားလည်တတ်ရလိမ့်မယ်။

အတိတ်ကိုပြန်လှန်တတ်တာကတော့ အချစ်မှာတော်တော်ဆိုးရွားတဲ့ အလုပ်ပဲ တော်တော်များများဟာ အတိတ်ကိုပြန်လှန် ပြန်ပြောလွန်းလို့ လမ်းခွဲပြီး တစ်ယောက်တည်းအထီးကျန်ဖြစ်တတ်ကြတယ်။ အကောင်းဆုံးကတော့ ချစ်သူမဖြစ်ခင်ကတည်းက ကိုယ့်အကြောင်းအားလုံးကို ပြောပြထားသင့်တယ် ရည်စားဘယ်နယောက်ရှိတယ်ကအစပေါ့ အားလုံးပြောပြလို့နားလည်ပေးနိုင်ရင် ဆက်ချစ် နားလည်မပေးနိုင်ရင်တော့ အသစ်ရှာပေါ့ အားလုံးနားလည်လို့ ချစ်ပြီးသွားရင်တော့ စိတ်ဆိုးလို့ပဲဖြစ်ဖြစ် စတာနောက်တာပဲဖြစ်ဖြစ် အတိတ်အကြောင်းလုံးဝမပြောတော့ပါနဲ့ ဒါဟာအကောင်းဆုံးပါ အထူးသဖြင့် ယောက်ျားတော်တော်များများဟာ အတိတ်ကိုပြန်လှန်တတ်တာများကြပါတယ် စေတနာနဲ့ပြောတာပါ။နောက်တစ်ချက် ဘယ်ရည်စားကို အချစ်ဆုံးလဲမမေးတာကောင်းပါတယ် ကိုယ့်စိတ်ထဲမှာ ငါနဲ့ချစ်တာငါ့ကို အချစ်ဆုံးလို့မှတ်ယူထားပါ ကိုယ့်ကိုဘယ်လောက်ချစ်လဲပဲမေးပါ တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါနှင့်။


အကြောင်းပြချက် ဒါလဲအရေးကြီးတယ် ကိုယ့်ချစ်သူကဘာလို့ချစ်လဲမေးရင် ရင်ထဲမှာအကြောင်းပြချက်မလိုဖို့လိုတယ် အကြောင်းပြချက်ဆိုတာက လှလို့ချစ်တာ ချောလို့ချစ်တာ ဘာညာပေါ့ ထားပါတော့ လှလို့ချစ်တာဆို အသက်ကြီးလို့ ရုပ်ဆိုးသွားရင်မချစ်တော့ဘူးလို့ပြောတာနဲ့အတူတူပဲပေါ့ ချမ်းသာလို့ချစ်တာဆို ဆင်းရဲရင်ပစ်တော့မယ်လို့ဆိုလိုတာပေါ့ သနားလို့ချစ်တယ်ဆိုရင် သနားစရာမကောင်းတဲ့တနေ့ အချစ်သစ်ရှာမယ်လို့တွေးထားလို့လား စသည်ဖြင့် အမျိုးမျိုးသောအကြောင်းပြချက်ကြောင့်မခိုင်မြဲတဲ့ အချစ်ဖြစ်လာနိုင်လို့ ချစ်တာဟာချစ်တာပဲ ရိုးရိုးလေးပဲ ချစ်လို့ချစ်တာ အကြောင်းပြချက်မလိုဘူးပေါ့။

တာဝန်ယူတတ်ခြင်း ချစ်တတ်ပြီးတာဝန်မယူတတ်တဲ့သူတွေတွေ့ဖူးပါတယ် နှုတ်ဖျားကတော့ ချစ်လိုက်တာ စားလဲဒီစိတ် အိပ်လဲဒီစိတ် မရရင်သေပါတော့မယ် ရူးပါတော့မယ် လက်တွေ့ လက်ထပ်တော့မယ် ပြောကြည့်ပါ့လား ငယ်သေးလို့ပါ အိမ်ကခွင့်မပြုလို့ပါ ကျောင်းမပြီးသေးလို့ပါ အိမ်က အရမ်းဆင်းရဲလို့ ကိုယ်မရှိရင်မဖြစ်လို့ ချစ်လျက်နဲ့ လမ်းခွဲလိုက်ပါစို့လား အိမ်က သဘောမတူလို့ ဒီအတိုင်းလေးပဲနေသွားကြရအောင်လားကပါသေးတယ် စွန့်လွတ်ဖို့လဲမရဲ တာဝန်ယူဖို့က သတ္တိမရှိ ဒီအဖြစ်မျိုးတွေလဲရှိကြပါတယ်။ ငယ်သေးတယ် ဟုတ်ပါပြီ ကြီးတော့လက်ထပ်ယူမလား ကတိပေးရဲလား
အိမ်ကခွင့်မပြုလို့ ခွင့်ပြုအောင်ကြိုးစားကြည့်ဖူးလား  ကျောင်းမပြီးလို့ ကျောင်းပြီးအောင် ဒီတစ်ယောက်တည်းပဲချစ်နိုင်လား  အိမ်ကဆင်းရဲလို့ လက်ထပ်ပြီးအတူတကွကြိုးစားပြီး မိဘကို တသက်လုံးလုပ်ကျွေးပြုစုရင်ကောမဖြစ်ဘူးလား စသည့်တို့ဖြင့် ချစ်တတ်ပြီးရင် လက်ထပ်ပြီး တာဝန်ယူရဲအောင်ကြိုးစားပါ တာဝန်မယူရဲရင် အစကတည်းက မချစ်ပါနဲ့ ငယ်သေးရင် ကြီးမှချစ်ပါ ဆင်းရဲရင် ချမ်းသာမှချစ်ပါ ကျောင်းမပြီးရင် ကျောင်းပြီးမှချစ်လဲနောက်မကျသေးပါဘူး။


ထို့ကြောင့် ချစ်တတ်ပါ ချစ်ပြီးရင် ခိုင်မြဲတဲ့အချစ်ဖြစ်အောင် တိုင်ပင် ညှို့နိုင်း နားလည်ပေးမှုတွေနဲ့ ဘ၀ကိုကျော်ဖြတ်ပါ။


ကျွန်တော် ခံစားရသမျှလေးပြောပြတာပါ အမှားအယွင်ပါလျှင် နားလည်ပေးနိုင်ပါစေ ကျွန်တော်လဲ ချစ်တတ်တဲ့သူဖြစ်အောင်ကြိုးစားနေသူဖြစ်ပါတယ်။သူငယ်ချင်းတို့ရဲ့အမြင်လေးလဲပြောပြပြီး သင်ကြားပေးနိုင်ပါတယ်


လွင်ပြင်လှိုင်းငယ်